Thursday, January 1, 2009
{ New Year ရဲ့ ခေါင်းလောင်းထိုးအချက်ပေးသံ }

သြော်.... အနိစ္စ... မမြဲခြင်းတရား.... တစ်နှစ်ဟောင်းလို့ .... တစ်နှစ်ပြောင်းပြန်ပြီ။အသက်တွေလည်း တစ်စက္ကန့်ချင်းစီကနေ... တစ်မိနစ်၊ တစ်နာရီ၊ တစ်နေ့တာ မှသည် တစ်နှစ်ကြီးသွားပြန်ပြီ။
အဲဒီ ကုန်ဆုံးကြီးပြင်းသွားတဲ့ အချိန်ကာလအတွင်းမှာ
ငါဟာ ကောင်းတာတွေ ဘယ်နှခု လုပ်ခဲ့သလဲ၊ မကောင်းတာတွေ ဘယ်နှခု လုပ်ခဲ့သလဲ။ ငါကိုယ်တိုင်၊ ငါ့ပတ်ဝန်းကျင်၊ ငါ့အသိုင်းအ၀ိုင်း မှသည် ငါ့တိုင်းပြည် အတွက်၊ ဒီကမ္ဘာလောကကြီးအတွက် ဘာတွေများ အကျိုးပြုခဲ့သလဲ.... စသည်ဖြင့် ပြန်လည် တွေးတောဆင်ခြင်သင့်ပါတယ်။..။
ကျုပ်ကတော့ တခြားသူတွေလို နှစ်သစ်မှာ ကျန်းမာပါစေ၊ ချမ်းသာပါစေ ဆိုပြီးတော့ ထပ်ပြီး ဆုတောင်း မပေးချင်တော့ဘူး။ ဘာလို့လဲဆိုတော့ စာဖတ်သူတွေလည်း ဆုတောင်းခံရလွန်းလို့ များနေပြီ။ ပြီးတော့ အဲဒီအရာတွေက တကယ်ဆုတောင်းရုံနဲ့ ပြည့်စုံသွားမှာမို့လား ။ ကံ၊ဥာဏ်၊၀ီရိယ ဆိုတဲ့ အရာကြီး ၃ ခု စလုံး တိုက်ဆိုင်စွာနဲ့ အကျိုးပေးမှ ပြည့်စုံဖြစ်ထွန်းသွားတာပါ။
တကယ်တော့ ဆုတောင်းပေးတယ်ဆိုတာ- တဖက်လူ စိတ်ကျေနပ်အောင် အနုနည်း နဲ့ ညာလိုက်တာပါပဲ။ကဲပါလေ... ထားလိုက်ပါ။ ဆုတောင်းပေးဆိုတော့လည်း ဆုတောင်းပေးလိုက်ပေါ့။ ကိုယ့်အိပ်ထဲက စိုက်ထုတ်ရတာမှ မဟုတ်တာ။ ဒါပေမယ့် လက်တွေ့အမှန်တရားကို ပြောပြကြည့်တာပါ။
Happy New Year တစ်ခါ အော်လိုက်လို့ ဒီခန္တာကိုယ်ကြီး ၊ ဒီရုပ်ရည်ကြီး ကလည်း ဒီအတိုင်း နေ နေမှာ မဟုတ်ပါဘူး။ တစ်နှစ်ကုန်သွားလို့ တစ်ခါအော်လိုက်တိုင်း တစ်နှစ်စာ အိုးမင်းသွားမှာပါ။ တစ်နှစ်စာ သေဖို့နီးကပ်လာမှာပါ။ မိုးကုတ်ဝိပသနာရိပ်သာတွေမှာ မြင်တွေ့နိုင်တဲ့ စာသားလေး တစ်ခုရှိပါတယ်။
ငါသည် မုချသေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။ အသေမဦးခင် ဥာဏ်ဦးအောင် အားထုတ်ပါတော့မည်။အဲဒီစာသားလေးအတိုင်းပါပဲ။ လူဆိုတာ သေမျိုးချည်းပါပဲ။ အဲဒီတော့ မသေခင်၊ အသေမဦးခင်မှာ လုပ်သင့်လုပ်ထိုက်တာတွေ၊ လူ့တာဝန်ဝတ္တရားတွေ ကိုကျေပွန်အောင်ကြိုးစားသွားရမှာပါ။ ဒါမှလည်း တိရစ္ဆာန်ထက် အသိဥာဏ်ရှိတဲ့ လူဆိုပြီး ကင်ပွန်းတပ်နိုင်မှာဖြစ်ပါတယ်။
မိမိကိုယ်ကိုလည်း အကျိုးမပြု၊ မိမိပတ်ဝန်းကျင် ကိုလည်း အကျိုးမပြု၊ မိမိနေထိုင်တဲ့ အသိုင်းအ၀ိုင်းကိုလည်း အကျိုးမပြု၊ မိမိတိုင်းပြည်အတွက်လည်း အကျိုးမပြု ယုတ်စွအဆုံး မိမိရပ်တည်နေတဲ့ မြေကြီးအတွက်ပါ လုံးဝအကျိုးမပြုဘဲ ဘေးထိုင်ဘုပြော ဘ၀ နဲ့ သေဆုံးသွားရင်တော့ စားခဲ့တဲ့ ဆန်ဖိုး တွေ၊ ရပ်တည်ခဲ့တဲ့ မြေကြီးအတွက် တော်တော်ရှက်ဖို့၊ အားနာဖို့ ကောင်းပါတယ်။ ဆန်ကုန်မြေလေး ဘ၀နဲ့ မနေသွားကြပါနဲ့။တစ်နှစ်တာကြီးပြင်းလာတဲ့အတွက် တစ်နှစ်စာ ပိုပြီး ကြိုးစားကြပါ။
လောကီဘက်မှာရော၊ လောကုတ္တရာ ဘက်မှာပါ မျှတအောင် အချိန်ပေးကြပါ။ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ ဖုံးလွှမ်းနေပြီး သေရင် ကိုယ့်နောက်မပါမယ့် အရာများအတွက် အချိန်ကုန်မခံဘဲ ရခဲလှတဲ့ လူ့ဘ၀မှာ သံသရာလွတ်ကြောင်းတရားအတွက်လည်း ကြိုးပမ်းအားထုတ်ကြပါလော့...။တကယ်တော့ Happy New Year လို့တစ်နှစ်တစ်ခါ အော်လိုက်တာဟာ ငါသေဖို့ တစ်နှစ်နီးလာပြီဟေ့ လို့ ခေါင်းလောင်းထိုးအချက်ပေးသံ ပင်ဖြစ်ပါတယ်လို့ သတိဝင် ဆင်ခြင်နိုင်ကြပါစေသတည်း။...........။Labels: အထွေထွေ
5:30 PM
♥the unknown sercets♥