Thursday, February 26, 2009
{ ဖြစ်လိုက်ရင် ... တစ်လွဲကြီးပဲ }
သြော်.... ဘာလိုလိုနဲ့ စင်ကာပူ မှာ ပိုလီကျောင်းသားဘ၀ ကိုဖြတ်သန်းခဲ့တာ ၂ နှစ်တိုင်ခဲ့ပြီလေ..။ ကြုံတွေ့ခဲ့ရတဲ့ အပျော်တွေ၊ ၀မ်းနည်းမှုတွေ လည်း မနည်းမနောပါပဲ...။ တော်တော်လည်း ထူသားပေသား ကျနေပါပြီ..။အခုရက်ပိုင်းလည်း Semester 2.2 ရဲ့ နောက်ဆုံးစာမေးပွဲကြီးဖြေနေရလို့ ဘလော့လေးလည်း ဖုန်တက်ခဲ့ပါတယ်။အခုပြန်ရေးပြီဗျို့... ပြည်တော်ပြန်ခရီးမတိုင်ခင် အထိပေါ့ဗျာ..။ စာတွေကို အတိုးချပြီး ရေးမှာပါ...။ အခုရက်ပိုင်းဗျာ... အခုရက်ပိုင်းဆိုတာ မနေ့က ညကတင်ပါ... မထင်မှတ်ဘဲ သည်းထိတ်ရင်ဖို ဖြစ်ခဲ့ရပါတယ်။ ဒီလိုပါ.. ယမန်နေ့ညက.. စာမေးပွဲ နောက်ဆုံး ဘာသာအတွက် အသေအကြေ တိုက်ပွဲဝင်နေရတာပေါ့..။ မ၀င်လို့လဲ မရဘူးလေ...။ semester တစ်ခုလုံးစာကို တစ်ရက်နဲ့ ဆွဲရတာကိုး... ဟီးဟီး...အဲလိုနဲ့ပဲ တစ်နေ့လုံး လုပ်လိုက်တာ မိုးချုပ်လို့ အမှောင်ထု ဖုံးသွားတာပေါ့..။ အတူ တိုက်ပွဲဝင်တဲ့ ရဲဘော်တချို့လည်း အိမ်အပြန်လမ်း ကိုလျှောက်လှမ်းသွားကြပြီ။ ကိုယ့်အကြောင်းကိုယ်သိတဲ့ ကျွန်တော်ရယ်၊ တစ်အိမ်တည်းနေပြီး တစ်အိုးတည်း စားဖော်တွေ ဖြစ်တဲ့ ဘဲကြီး ရယ်၊ ညီမလေး
(အဲ.. ညီမင်းလွင်) ရယ်ပဲ ကျန်ခဲ့တာပေါ့။ ည ၁၀ နာရီခွဲတော့ ကျွန်တော်တို့ စာလုပ်တဲ့ Atrium ဆိုတဲ့နေရာကြီးက မြန်မာပြည်ကို ဂုဏ်ပြုတဲ့ အနေနဲ့ မီးပိတ်လိုက်ပါလေရောဗျာ။... အဲ.. ပြသနာက အဲဒီမှာ စတာ။ ညစာကို အုန်းထမင်းနဲ့ စားထားတာကြောင့် ခေါင်းကလည်း တော်တော်လေး နေပြီ။ အိမ်ကို ပြန်ချင်နေပြီ။ (ရှင့်မှာလည်း အကြွေးတွေနဲ့ ကျွန်မမှာလည်း ကလေးတွေနဲ့) ဆိုသလို တစ်ဖက်မှာလည်း စာကြွေးတွေနဲ့။ ပြန်ရင် အိပ်ပျော်သွားမှာ သေချာတယ်။ ပြန်လို့ မဖြစ်ဘူးလေ။ ဒါနဲ့ပဲ သုံးယောက်သား ကျွန်တော်တို့ မြန်မာကျောင်းသားတွေနဲ့ မကင်းရာ မကင်းကြောင်း အမျိုးတော်တယ်လို့ ပြောလို့ ရတဲ့ Buddhist Society 's Club House ကို ပြေးရတာပေါ့။ တကယ်တော့ ကျွန်တော်တို့ သုံးယောက်တည်းမှာ Buddhist Society က လက်ရှိကော်မတီဝင်တွေ မဟုတ်ပါဘူး။ ကျွန်တော်တစ်ယောက်ပဲ Ex-committee ပါ.။ Mr. Nga Tint က သော့ပေးခဲ့လို့ အဲဒီ နေရာကို သွားကြတာပါ။ဟိုရောက်တော့ အချိန်က ည ၁၁ နား နီးနေပါပြီ။ ဒီလိုပဲ ဆက်လုပ်ကြတာပေါ့။ မဆိုးပါဘူး။ တော်တော်လေး တိုးတက်လာပါတယ်။ အဲလိုနဲ့ တဖြည်းဖြည်း ၁၁ နာရီ ခွဲ ပြီးလို့ ၁၂ နားနီးလာပြီပေါ့။ မပြန်လို့ မဖြစ်တော့ဘူးလေ။ Last Bus ဖြစ်နေပြီ။..။ ကဲ ပြန်ကြမယ်ဟေ့ ဆိုပြီး ပစ္စည်းတွေ သိမ်းတာပေါ့။ အဲဒီမှာပဲ ရာဇာဝင်းတင့် တုတ်နဲ့ ထိုးမိတော့ တာပဲ(အဲ ရာဇ၀တ်အိုး တုတ်နဲ့ထိုးတာ.. မှားလို့)။ အ၀င်တုန်းက လျာရှည်ပြီး တံခါးကို Lock ချထားလိုက်တာ။ ဘယ်လိုမှ ပြန်ဖွင့်လို့ မရတော့ဘူး။ Lock က သော့ချောင်းနဲ့ပဲ ခတ်ရတာပါ။ ၁၀ မိနစ်လောက် ကြိုးစားတာနဲ့ မရတော့တဲ့ အဆုံး ငတင့် ဆီကို ဖုန်းဆက်ရတော့တာပေါ့။ ဒီတော့မှ အဖြစ်မှန်ကိုသိရတယ်။ အဲဒီ သော့က တစ်ဝက်ပျက်နေတာ။ သော့ခတ်ရင် အပြင်ကပဲ ပြန်ဖွင့်လို့ ရတယ်။ အထဲက ဘယ်လိုမှ ပြန်ဖွင့် လို့ မရဘူး။...။ သွားပြီ ရေကြီးပြီပေါ့။..။ဘယ်လိုလုပ်မလဲ ကြံကြပါဦး..။ နောက်ဆုံး ကျွန်တော်မျိုးပဲ NP Security Gate ကို ဖုန်းဆက်ရတော့တာပေါ့။ အဖြစ်မှန်ကို ရှင်းပြပြီး တောင်းပန်ရတာပေါ့။..။ ကိုယ်တွေက မှားတော့လည်း ဟဲဟဲပေါ့။..။ ခဏနေတော့ Security ၀န်ထမ်း ၂ ယောက်ရောက်လာပါတယ်။ ဒါပေမယ့်ဗျာ သူတို့ဆီမှာ သော့မပါလာဘူးတဲ့..။ တိန်.... သေချင်စော်ကို နံသွားတာပဲ.။။ ကဲ ဒီအခန်းထဲမှာပဲ ညအိပ်ကြမလားပေါ့။။ စိတ်ထဲမှာ စဉ်းစားနေပြီ။ အဲဒီမှာပဲ အကြံတစ်ခုရလာတယ်..။ သော့တွဲကနေ အဲဒီအခန်းသော့ တစ်ချောင်းတည်းကို ဖြုတ်ယူလိုက်တယ်။ ပြီးတော့ ကျန်တဲ့ ဘော်ဒါ ၂ ယောက်က တံခါးကို အတင်းတွန်းပေးထားပြီး အပ်ချည်မျှင်လောက် လွတ်နေတဲ့ နေရာကနေ သော့ချောင်းလေးကို အပြင်ကို ချပေးရတာပေါ့။ တကယ်လို့များ အပြင်ကို မရောက်ဘဲ သော့ချောင်းလေး တစ်နေလို့ ကတော့ မောင်ဂတုံးတို့ ဒီတစ်ညတော့ club house မှာ အိပ်ဖို့ ရောက်လာပြီ..။ ဖြစ်သွားမှာသေချာတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သော့ချောင်းလေးဟာ အပြင်ဖက်ကို အောင်မြင်စွာ ရောက်သွားပြီး အပြင်မှာ ရှိတဲ့ Security ၀န်ထမ်းတွေက ဖွင့်ပေးနိုင်ခဲ့ပါတယ်။...။ ဟဲ.ဟဲ ... အခုမှပဲ ရယ်နိုင်တော့တယ်...။စာဖတ်သူတွေကို message လေးပေးချင်တာကတော့... ကိုယ်ရှင်သန်နေတဲ့ ကျောင်း၊ အလုပ်၊ ရုံး နဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ Security ဌာန တစ်ခုခုရဲ့ ဖုန်းနံပါတ်ကို အလွတ်ရအောင် မှတ်ထားပါ။ ဖုန်းထဲမှာလည်း မှတ်ထားပါ။ မနေ့ကညက ကျွန်တော်တို့ တွေသာ Security ဖုန်းနံပါတ်ကို မသိခဲ့ရင်........ ကဲ.. NP က ညီအစ်ကို မောင်နှမတွေအတွက် Security ဖုန်းနံပါတ်ကတော့ 6460 6111 ပဲ ဖြစ်ပါတယ်...Labels: ကြုံခဲ့သမျှ...
8:50 PM
♥the unknown sercets♥